စလေဦးပုည၏ အတ္ထုပ္ပတ္တိ

ဦးပုညကိုစလေမြို့ တိုက်စုရပ်၌ ၁၁၇၄ ခုနှစ် ကဆုန်လဆန်း ၁၃ ရက်ကြာသပတေး နေ့တွင်ဖွားမြင်သည်။ ဦးပုညဖွားသောနှစ်မှာအမှတ်အသားမတူကြပါ။ အချို့က ၁၁၇၄ ခု၊ အချို့က ၁၁၇၈ ခုဟူ၍ကွဲပြားကြပါသည်။ ဖခင်အမည်မှာစလေမြို့သူကြီးရိုး ပုညသမန်းမျိုးဦးမြတ်စံဖြစ်ပြီး မိခင်မှာဒေါ်လှရင်ဖြစ်သည်။ ငယ်မည်မှာမောင်ပုတ်စည်ဖြစ်သည်။ အသက် ၈ နှစ်အရွယ်တွင်မောင်ပုတ်စည်သည် စလေမြို့၌ရှင်ပြုပြီး နောက်ဗန်းမော်ဆရာတော်ထံတွင် ပညာဆည်းပူးသည်။ ရှင်အမည်မှာ ပုညာဘိဓဇ ဖြစ်သည်။ ယင်းအမည်ကိုစွဲ၍နောင်တွင် ဦးပုညဟု တွင်ခြင်း ဖြစ်သည်။ ၁၁၉၄ တွင်ဗန်းမော်တိုက်၌ပုဉ္ဇင်းခံသည်။ ရဟန်း ငါးဝါအရတွင် စလေသို့ဆင်း၍ကျောင်းထိုင်နေစဉ်အတွင်း ဗေဒင်မေးသူ၊ မေတ္တာစာရေးခိုင်းသူ၊ ဆေးဝါးတောင်းသူ ဒကာမတို့အဆည်းအကပ်ထူသည် နှင့်စလေမြို့အုပ်မင်းက သံသယမကင်းရှိခဲ့သောကြောင့် လူပျိုမလှည့်ကြောင်းမေတ္တာစာ၊ ပြန်ပေးစာတို့ဖြင့်ထင်ရှားစေနိုင်ခဲ့သည်။နောက်ဆုံးတွင်လူထွက်ရသည်အခြေသို့ပင် ရောက်ကာ ၁၂၀၃ ခုနှစ်၌ သာယာဝတီမင်းနှင့် ရန်ကုန်သို့လိုက်ပါလာခဲ့သည်။ ရန်ကုန်၌ခေတ္တနေပြီးနောက်အမရပူရမြို့ဗန်းမော်တိုက်၊ ဗန်းမော်ဆရာတော်ထံ၌သာမဏေပြုပြန်သည်။ ၁၂၁၀ ပြည့်နှစ်တွင်လူထွက်ခဲ့သည်။ ၁၂၁၆ ခုလောက်တွင်စလေမြို့သူကြီးရာထူးကိုသူကြီးဟောင်းမောင်ကြူနှင့်အပြိုင်လုသည်။ သာသနာပိုင်ဦးဉေယျစစ်ဆေးရာဦးပုညသည်သာသူကြီးရိုးမှန်ကြောင်းဆုံးဖြတ်ကာ အနိုင်ရသည် ဟုဆိုကြသည်။ သက္ကရာဇ် ၁၂၁၈ ခုခန့်တွင်ဗန်းမော်ဆရာတော်၏ အရှိန်အ၀ါဖြင့်နန်းတွင်းသို့ရောက်ပြန်သည်။ မင်းလှသင်္ခယာဘွဲ့ဖြင့်လက်ဖက်ရည်တော်တွင်အမှုထမ်းရသည်။ မင်းတုန်းမင်းတရားကြီး၏ သားတော်များဖြစ်သောမြင်ကွန်းနှင့်မြင်းခုန်တိုင်မင်းသားနှစ်ပါး ထကြွပုန်ကန်သည်မှာ အိမ်ရှေ့မင်းစေခိုင်းချက်ကြောင့် ရေးသားသောဝိဇယပြဇာတ်ကြောင့်ဖြစ်သည် ဟုလျှောက်ထားကြစဉ် ထကြွပုန်ကန်မှု၌ဦးပုညအခါတော်ပေးသည် ဟုထွက်ဆိုကြပြန် သောကြောင့်မြို့သာမြို့စား ဦးသာအိုထံအကျယ်ချုပ်ထားသည်။ ထိုသို့အကျယ်ချုပ်ထားစဉ်ဦးသာအိုး၏မယားငယ် ခင်သုန်နှင့်ရည်ငံသောကြောင့် ၁၂၂၉ ခုနှစ်နယုန်လတွင်ဦးသာအိုးက ဦးပုညကို အဆုံးစီရင်လိုက်သည်။ နောက်မှမင်းတရားကြီးသိသောအခါ ‘လူကိုခွေးသတ်လေရဲ့‘ ဟုမိန့်တော်မူသည်ဟုအဆိုရှိပါသည်။ တင်ထွေးရေးသားသောဦးပုည၏စာပန်းကုန်းများမှကောက်နုတ်ဖော်ပြပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments: